သာကူ ကျိုနည်း
သာကူ ကျိုနည်း ( လူ ၂၀ စာ )
*********************************
သာကူစေ့
၅၀သား (ဇကာဖြင့် သဲပြာထား)
ထညက်
၅၀သား (ကျို၍ သဲစစ်ထား)
ကန်စွန်းဥ
၅၀သား (အတုံးတုံး ရေစိမ်ထား)
အုန်းသီး
၁ လုံး (ခြစ်ထား)
ဆား
၁ ဇွန်း ( လဖက်စားဇွန်း )
ရေ
၄ လီတာ ( ရေသန့်ဗူးကြီး ၄ ဗူး )
*****************************************
အိုးထဲ ရေ ၄ လီတာ ထည့်ပြီး
ထညက်ပျော်လာတဲ့အထိကျိုပါ။
ပြီးရင် အနည်ထိုင်အောင် ထားထားပေးပါ။
အနည်ထိုင်တော့မှ သောက်ရေစစ်နဲ့ စစ်ပါ။
အောက်ခြေမှ အမှုန်များ လုံးဝ မပါပါစေနဲ့။
******************************
စစ်ပြီးသား ထညက်ကို ပြန်ကျိုရပါမယ်။
ဗွမ်းဗွမ်းဆူလာရင် သာကူစေ့များ ထည့်လိုက်ပါ။
လက်က မွှေပေးနေရပါမယ်။
၁၀ မိနစ်ခန့်ကြာသော်
ကန်စွန်းဥအတုံးလေးများထည့်ပြီး
၅ မိနစ်ခန့်ကြာသောအခါ
အုန်းသီးလေးများထည့်မွှေပြီး အိုးချလို့ရပါပြီ။
ဒီအချိုးကတော့ အေးရင် ပျစ်သွားပါတယ်။
အေးရင် ပျစ်တာ မကြိုက်သူများကတော့
သာကူစေ့ ၂၅ ကျပ်သားပဲထည့်ပါ။
အုန်းနို့သာကူကြိုက်ပါက
အုန်းနို့ရည်ညှစ်၍ သကြားရည်နဲ့ရောကာ စမ်းစားပါ။
မှတ်ချက်
*********
ကန်စွန်းဥ ကတော့
အတုံးတုံးပြီး ရေစိမ်ထားရပါတယ်။
ရေမစိမ်ထားရင် မဲသွားတတ်ပါတယ်။
သာကူကို သာကူစေ့များများနဲ့ ခပ်ပျစ်ပျစ်စားချင်ပါက
ကျမပြထားတဲ့အချိုးအတိုင်း ကျိုပေးပါ။
မပျစ်မကျဲ စားချင်ရင်တော့
သာကူစေ့ ၂၅ ကျပ်သားပဲထည့်ပါ။
သာကူက မိမိသုံးတဲ့ သာကူစေ့ပေါ် မူတည်ပြီး
ကျိုရတဲ့အချိန် အနည်းအများတော့ ကွာပါလိမ့်မယ်။
အဓိက က သာကူမျက်စေ့လေးများ မပျောက်ခင်
ကန်စွန်းဥ ထည့်ပေးဖို့ပါ။
သာကူမျက်စေ့လေးများ လုံးဝ ပျောက်မှ ကန်စွန်းဥထည့်ရင်
သာကူစေ့တွေ ပျော့စိကုန်ပါလိမ့်မယ်။
ကန်စွန်းဥ ကျက်တာနဲ့
သာကူ မျက်စေ့လေးများ ပျောက်သွားပါလိမ့်မယ်။
အုန်းနို့ကြိုက်ရင် အုန်းနို့ ထည့်စားနိုင်ပါတယ်။
ထညက်ကတော့
စားပွဲတင် ထညက်ဖြစ်စေ
မုန့်လုပ် ထညက်ဖြစ်စေ
မိမိနှစ်သက်ရာ ထညက် သုံးနိုင်ပါတယ်။
သကြားနဲ့ကျိုလည်း နည်းက အတူတူပါပဲ။
ပဲခူး ဒေါ်ထွေးရီ
Comments
Post a Comment