သားသတ်လွတ်ဖက်ထုပ်ကြော်

 သက်သတ်လွတ် ဖက်ထုပ်ကြော် လုပ်နည်းဝေမျှပေးလိုက်ပါတယ်။


ပါ၀င်ပစ္စည်းတွေကတော့

ပဲပြား (firm tofu) - ၁၀ သား (သို့) ၆.၄အောင်စခန့်

ကြက်ဥ (eggs) - ၃ လုံး

ဂျူးမြိတ် (ခုချိုင်) (chives) - ၁၅ ကျပ်သား (သို့) ၉.၆အောင်စခန့်

ဆား (salt) - လက်ဖက်ရည်ဇွန်း လေးပုံ ၃ ပုံ

သကြား (သို့) အချိုမှုန့် (suger or MSG) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်း (ground pepper) - လက်ဖက်ရည်ဇွန်း တ၀က်

ကြော်ရန်အတွက် ရွှေဆီတော် ပဲဆီသန့်

ဖက်ထုပ်အရွက် - အခု ၈၀ ခန့်

လုပ်နည်းလေးကတော့လွယ်ပါတယ်။

အရင်ဆုံး ပဲပြားကို အတုံးသေးသေးလေးတွေတုံးပါ။ ပြီးလျှင် ဒယ်အိုးထဲကို ဆီ ထမင်းစားဇွန်း ၂ ဇွန်း ထည့်ပြီး ပဲပြားအတုံးသေးသေးလေးတွေ ညိုသွားအောင်အိုးပူတိုက်ပါ။ ပဲပြားညိုလာတာနဲ့ ပန်းကန်ထဲကိုထည့်ပြီးအအေးခံထားပါ။ ကြက်ဥကို ဆားလက်ဖက်ရည်ဇွန်း လေးပုံတပုံထည့်ပြီး ခလောက်ပေးပါ။ ပြီးလျှင် ပဲပြားကြော်ထားတဲ့အိုးထဲကိုထည့့်ပြီး မွှေကြော်ကြော်လိုက်ပါ။ (ဆီထပ်ထည့်ရန်မလိုပါ။) ကြော်ပြီပြီးဆိုအအေးခံထားပါ။ ပြီးလျှင် အအေးခံထားတဲ့ ပဲပြားနဲ့ ကြက်ဥကိုတောက်တောက်စဉ်းထားပါ။ ဒါမှမဟုတ် Food Processor နဲ့ ကြိတ်ပါ။ ဂျူးမြိတ် (ခုချိုင်) ကိုနုတ်နုတ်စဉ်းပေးပါ။

ပြီးလျှင်ဇလုံတခုထဲကို တောက်တောက်စဉ်းထားတဲ့ ပဲပြားနဲ့ ကြက်ဥ ထည့်၊ နုတ်နုတ်စဉ်းထားတဲ့ ဂျူးမြိတ် ထည့်၊ ဆား လက်ဖက်ရည်ဇွန်း တ၀က်၊ သကြား (သို့) အချိုမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ကိုထည့်ပြီး သမအောင်နယ်ပါ။ နယ်ထားတဲ့ အဆာပလာ လက်ဖက်ရည်ဇွန်း တဇွန်းခန့်ကို ဖက်ထုပ်အရွက်ထဲထည့်ပြီး အနားသာများကိုရေစွတ်ပြီး ဖက်ထုပ်တခုခြင်းလုပ်ထားပါ။ ဖက်ထုပ်ထုပ်ပြီပြီးဆို ဆီပူပူထဲကို ဖက်ထုပ်များ ညိုလာတဲ့အထိကြော်ပါ။ ညိုလာပြီဆိုရင်တော့ ဆီအိုးထဲကနေဆယ်ပြီး ဆီစစ်ထားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ အချဉ်ရည် နဲ့ တို့ပြီးသုံးဆောင်နိုင်ပါပြီ။

ကြက်ဥစားတဲ့ သက်သတ်လွတ်သမားတွေရှိသလို ကြက်ဥမစားတဲ့ သက်သတ်လွတ်သမားတွေရှိပါတယ်။ ကြက်ဥမစားတဲ့သူတွေကတော့ ပဲပြားကိုပိုထည့်ပြီး သုံးဆောင်နိုင်ပါတယ်။ နေလည့် နေခင်းအပျင်းပြေ အဆာပြေစားချင်တဲ့သူတွေလဲ ဒီနည်းအတိုင်းလုပ်စားကြည့်ပါ။ စားကောင်းပါတယ်။

Crd.အိစံ

Comments